ဖလံအိုတိုက်ပွဲမှာ ရဲဘော်တွေဆုတ်လမ်းအတွက် ခံပစ်ပေးရင် PLAကနိုင်ငံရေးမှူးရဲဘော်ကျဆုံးသွား

ဖလံအိုတိုက်ပွဲမှာ ရဲဘော်တွေဆုတ်လမ်းအတွက် ခံပစ်ပေးရင် PLAကနိုင်ငံရေးမှူးရဲဘော်ကျဆုံးသွား




 မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုရွာတိုက်ပွဲမှာ ရဲဘော်တွေဆုတ်လမ်းရဖို့ ခံပစ်ပေးရင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ နိုင်ငံရေးမှူး ရဲဘော်ထွန်းနိုင် (ခ) ကိုအောင်သူရ ကျဆုံးသွားတယ်လို့ PLAနဲ့နီးစပ်သူတဦးကသောင်ရင်းသတင်းလွှာကိုပြောပါတယ်။


မနေ့က ဖလံအိုရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို သွားရောက်တိုက်ခိုက်ချိန်မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People's Liberation Army - PLA) အမှတ် (၈၁၅) ရဲ့ နိုင်ငံရေးမှူး ရဲဘော်ထွန်းနိုင် (ခ) ကိုအောင်သူရ ဦးခေါင်းကျည်ထိမှန်ကျဆုံးခဲ့ရတာလို့သိရပါတယ်။


"တိုက်ပွဲက ၂နာရီနီးပါးကြာတာ။ အထိနာနေတဲ့စစ်သားတွေက စစ်ကူခေါ်ပြီး ခုခံတိုက်ခိုက်လို့ ပြန်ဆုတ်ချိန်မှာ သူက ခံပစ်ပေးပြီး ကျသွားတာ။ ခေါင်းထိတာ"လို့PLAနဲ့နီးစပ်သူတဦးကပြောပါတယ်။


ကျဆုံးသွားတဲ့  နိုင်ငံရေးမှူး ရဲဘော်ထွန်းနိုင် (ခ) ကိုအောင်သူရဟာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People's Liberation Army - PLA) အမှတ် (၈၁၅)ကဖြစ်ပြီး အရင်ဗကသများအဖွဲ့ချုပ် မြင်းခြံGTCက ကျောင်းသားထုအခွင့်အရေး တာဝန်ခံဟောင်းတယောက်ဖြစ်ပါတယ်။


တိုက်ပွဲအတွင်းမှာကျဆုံးသွားတဲ့  PLAနိုင်ငံရေးမှူးရဲဘော် ထွန်းနိုင်ကို ဒီနေ့မှာ  ဓလေ့ထုံးစံနဲ့အညီ သင်္ဂြိုဟ်သွားမှာလို့သိရပါတယ်။