မီးနေသည်နှင့် အယူအဆ အမှားများ

မီးနေသည်နှင့် အယူအဆ အမှားများ


💥မီးနေသည် ရှေးရိုးအစဉ်အလာ💥

မီးနေသည်တွေနဲ့ ပတ်သက်ပြီး ရှေးရိုးအစဉ်အလာတွေထဲမှာ တချို့ဟာတွေက မီးနေသည်နဲ့ မွေးစကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေလောက်တဲ့ အချက်တွေပါနေတာကို တွေ့ရပါတယ်။ 

အတွေ့ရများတဲ့ အချက်တွေကတော့

💁🏻‍♀️ချွေးအောင်းတာ


မီးနေသည်က မွေးတုန်းက သွေးများများသွန်ထားတာကြောင့် အားနည်းနေတာပါ။ ဒါကို ချွေးထက်အောင်းမယ်ဆိုရင် ရေနဲ့ ဓာတ်ဆား ဆုံးရှုံးပြီး နုံးတတ်ပါတယ်။ မီးနေသည်က မဖြစ်မနေ ချွေးအောင်းစရာ မလိုပါဘူး။ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားကို ပြန်မဖြည့်ပေးနိုင်ရင်အန္တရာယ်ဖြစ်နိုင်ပါတယ်။

💁🏻‍♀️ဆပ်ပြာမကိုင်တာ


မီးနေသည် ဆပ်ပြာမကိုင်ရဘူး။ လက်ထုံတတ်တယ်ဆိုပြီး ပြောကြပါတယ်။ တကယ်တော့ ဆပ်ပြာကိုင်လို့ ထုံတာ မဟုတ်ပါဘူး။ အစားရှောင်လို့ပါ။ မီးနေသည်က တစ်ကိုယ်ရည်သန့်ရှင်းရေး အရေးကြီးပါတယ်။ အနည်းဆုံး လက်ကို ဆပ်ပြာနဲ့ မဆေးနိုင်ဘူးဆိုရင် ညစ်ပတ်တဲ့လက်ကတဆင့် ကလေးဆီကို ရောဂါပိုးတွေ ရောက်သွားနိုင်ပါတယ်။

🙅🏻‍♀️အစားရှောင်တာ


မီးနေသည်ကို အရွက်မစားရဘူး ကလေးလေနာမယ်။ အသားမစားရဘူး ကလေးသန်ထမယ်။ ပဲမစားရဘူး ကလေး ဝမ်းလျှောမယ် စသဖြင့် ရှောင်ရင်း ရှောင်းရင်းနဲ့ စားစရာ မရှိတော့ပါဘူး။ ဒါကြောင့် အာဟာရချို့တဲ့လာပြီး အထူးသဖြင့် အမေမှာ ဗီတာမင် ဘီဝမ်းချို့တဲ့တာကြောင့် ခြေထုံလက်ထုံ၊ ကလေးမှာ သူငယ်နာရောဂါ ဖြစ်တတ်ပါတယ်။

🙅🏻‍♀️ကလေးချက်ကြိုးကို ဆေးထည့်တာ 


ကလေးချက်ကြိုးကို ရေနဲ့ ဂွမ်းသန့်သန့်နဲ့ပဲ ထည့်ရင်ရပါပြီ။ ဘာဆို ဘာမှ မထည့်ပါနဲ့။ အရက်ပြန်ကစလို့ မီးသွေးမှုန့်၊ ဆေးနီ၊ ဆေးရွက်ကြီး ဘာမှမထည့်ရပါ။ ချက်ကြိုးပိုးဝင်ပြီး အန္တရာယ်ဖြစ်တတ်ပါတယ်။

🙅🏻‍♀️ကလေးကို နို့ညှစ်တာ


ကလေးလေးက မွေးစမှာ နို့လေးတွေ ဆူနေတတ်ပါတယ်။ ညှစ်ရင်လည်း နို့ထွက်ပါတယ်။ ဒါအမေ့ဆီက ဟော်မုန်းကြောင့်ပါ။ နောက်ပိုင်းကျရင် ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။ ကလေးနာပြီး အကျိုးမထူးတဲ့အတွက် လုပ်စရာ မလိုပါ။

🙆🏻‍♀️ဒါတွေကတော့ မြင်မိသမျှ အယူအဆဟောင်းတွေပါပဲ။ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုများစေတာကြောင့် ဒါတွေ မလုပ်သင့်ပါဘူး။ ဆင်ခြင်ကြဖို့ အကြံပေးချင်ပါတယ်
Credit