ကိုယ်ဝန် ၃ လ ပတ်မှာ အထူးလိုက်နာရန်

ကိုယ်ဝန် ၃ လ ပတ်မှာ အထူးလိုက်နာရန်


ကိုယ်ဝန်ဒုတိယ ၃လပတ်အထူးလိုက်နာရန်
---၊ ဒေါက်တာအေးသီတာအုန်း (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး) ၊---
▶ ကလေးကောင်းမွန်စွာ ဖွံ့ဖြိုးဖို့ အားရှိမယ့် အစာများ စားပါ
ကိုယ်ဝန် ၁၂ ပတ်ကနေ ၂၈ ပတ်ကြားကို ဒုတိယ ၃ လပတ်လို့ ခေါ်ပါတယ်။ ဒုတိယ ၃လပတ်ကာလမှာ ကလေးက ကောင်းမွန်စွာ ဖွံ့ဖြိုးတဲ့အချိန် ဖြစ်တဲ့အတွက် အာဟာရပြည့်အောင် အားရှိမယ့် အစားအသောက်တွေ စားသောက်ပေးရပါမယ်။


▶ လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်အပြည့်ပါတဲ့ ကိုယ်ဝန်ဆောင်အားဆေး မှီဝဲပါ
အားဆေးအနေနဲ့ လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်၊ သံဓာတ် စတာတွေ ပါဝင်တဲ့ ကိုယ်ဝန်ဆောင်အားဆေး မှီဝဲပေးရမှာဖြစ်ပြီး ဒီအချိန်မှာ ကယ်လ်ဆီယမ်ဓာတ်ကလည်း လိုအပ်တဲ့အတွက် နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသောက်ပေးရပါမယ်။


▶ ကလေးလှုပ်တဲ့အကြိမ်ရေကို မှတ်သားပါ
ကိုယ်ဝန် ၁၂ ပတ်နဲ့ ၂၀ ပတ်ကြားမှာ ဗိုက်ထဲက သန္ဓေသားလေးက စတင်လှုပ်လာပြီဖြစ်တဲ့အတွက် ကလေးလှုပ်တဲ့အကြိမ်အရေအတွက်ကို သေချာမှတ်သားထားရပါမယ်။ မနက် ၆ နာရီကနေ ည ၆ နာရီအတွင်း အနည်းဆုံး ၁၀ ကြိမ်လှုပ်ရပါမယ်။ ၁၀ ကြိမ်လှုပ်ရင် ကလေးလေး ကျန်းမာနေပါတယ်။


▶ အိုဂျီနှင့် ပုံမှန်ပြပါ
ဒီကာလမှာ အိုဂျီညွှန်ကြားတဲ့အတိုင်း ပြသဖို့ လိုအပ်သလို ကလေးမလှုပ်ရင်၊ အလှုပ်နည်းရင် ဒါမှမဟုတ် တခြားထူးခြားတာရှိရင်လည်း အိုဂျီနဲ့ ပြသဖို့ လိုအပ်ပါတယ်။
▶ အချင်းအနေအထား၊ ကလေးအနေအထား သိဖို့ အာထရာဆောင်းရိုက်ပါ
ဒုတိယ၃လပတ်မှာ အချင်းအနေအထား၊ ကလေးအနေအထား၊ သားလေးလား သမီးလေးလား သိရှိဖို့ အာထရာဆောင်းကို မဖြစ်မနေ ရိုက်သင့်ပါတယ်။


▶ နို့သီးခေါင်းသန့်ရှင်းရေးလုပ်ပေးပါ
နို့သီးခေါင်းကို သေချာ သန့်ရှင်းရေး လုပ်ပေးရပါမယ်။ နို့ပါးစပ်လို့ခေါ်တဲ့ နို့သီးခေါင်းချိုင့်ဝင်နေတဲ့ သူတွေဆိုရင် သန့်ရှင်းရေးကို စနစ်တကျ လုပ်ပေးရပါမယ်။
▶ စိတ်ဖိစီးမှု လျှော့ပြီး ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ
စိတ်ဖိစီးမှုလျော့ကျစေဖို့ ဘာသာတရားလိုက်စားတာ၊ ယောဂ၊ လမ်းလျှောက်ခြင်းတို့လို ကိုယ်လက် လှုပ်ရှားမှုတွေကို လုပ်ဆောင်ပေးရပါမယ်။
▶ အိပ်ရေးဝ၀ အိပ်စက်အနားယူပါ
အားပြည့်နေအောင် အိပ်ရေးဝ၀ အိပ်ပေးရပါမယ်။