မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေါက်ကြား

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေါက်ကြား



မနက်ဖြန် ဖေဖေါ်ဝါရီ (၃) ရက်တွင် ကျင်းပမည့် ၂၀၂၃ ခုနှစ်အတွက် မြန်မာရုပ်ရှင် ထူးချွန်ဆု ရွေးချယ်ပွဲအခမ်းအနားတွင် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခံရနိုင်ချေများသည့် သရုပ် ဆောင်များကို ပရိသတ်များနှင့် ရုပ်ရှင်အသိုင်းအဝိုင်းက ထင်ကြေးပေး ရွေးချယ်မှုများ လုပ်ဆောင်နေကြပြီဖြစ်သည်။

ယင်းကဲ့သို့ ထင်ကြေးပေးခန့်မှန်းခြင်းခံနေရသည့် အနုပညာရှင်များထဲတွင် ဝါရင့်သရုပ်ဆောင် အကယ်ဒမီများရှင် ရန်အောင်လည်း ပါဝင်နေသည်။

"စောင်နီလေးတစ်ထည်" ဇာတ်ကားသည် ဒါရိုက်တာ ‌တင်အောင်စိုး(ပန်းမြို့တော်) ကဖန်တီးပုံဖော်ထားခြင်းဖြစ်ပြီး ဝါရင့်သရုပ်ဆောင်များဖြစ်သည့် အကယ်ဒမီ စိုးမြတ်သူဇာ ၊ အကယ်ဒမီ စိုးမြတ်နန္ဒာ ၊ နက္ခတ် ၊ ကျော်ဇောဟိန်း ၊ L နေနော်၊ Lဆိုင်းဇီနှင့် အနုပညာရှင်များ တပ်မတော် ဂုဏ်ပြု ဇာတ်ကားတစ်ကား ဖြစ်သည်။


အကယ်ဒမီရန်အောင်သည် အဆိုပါ "စောင်နီလေးတစ်ထည်" ဇာတ်ကားတွင် ကချင်တိုင်းရင်းသား တစ်ဦးအနေဖြင့် ပါဝင် သရုပ်ဆောင်ထားပြီး ရုပ်ရှင်တစ်ကားလုံး၏ ဇာတ်ရှိန်အနိမ့်အမြင့် အချိတ်အဆက်မိစွာဖြင့် ရသမြောက်အောင် သရုပ်ဆောင်နိုင်ခဲ့သည့်အတွက် ၂၀၂၃ ခုနှစ်အတွက် အကယ်ဒမီဇာတ်ပို့ဆု ရရှိရန် ရေပန်းစားနေခြင်း ဖြစ်သည်။

ဖခင်တစ်ယောက်၏ မေတ္တာကို ပီပြင်စွာ ပုံဖော်သရုပ်ဆောင်နိုင်ခဲ့သည့်အပြင် မိမိဒေသ၏ တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေငြိမ်းချမ်းရေးအတွက် စိတ်စေတနာမှန်ရှိသည့် ကချင်တိုင်းရင်းသားတစ်ဦးအဖြစ် ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သည့်အတွက် အကယ်ဒမီအတွက် ထင်ကြေးပေးခံရသူများထဲတွင် ပါဝင်ခဲ့ခြင်းလည်း ဖြစ်သည်။

"စောင်နီလေးတစ်ထည်" ဇာတ်ကားသည် မေတ္တာတရား နှင့်ဒေါသမာန်ဟုန်၊ ခွင့်လွှတ်ခြင်း နှင့် အငြိုးအာဃာတ၊ အချစ် နှင့် အမုန်း၊ စစ် နှင့် ငြိမ်းချမ်းရေးစသည့် မတူညီသော ခံစား မှု ရသများအားလုံးတစ်နေရာထဲတွင် မြင်တွေ့ကြည့်ရှု့နိုင်မည့်ဇာတ်ကားတစ်ကားပင် ဖြစ်သည်။

အကယ်ဒမီရန်အောင်သည် လက်ရှိတွင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အမျိုးသားဇာတ်ဆောင်ဆု (၆) ဆုအထိ ချီးမြှင့်ခြင်း ခံထားရသည့် ဝါရင့်သရုပ်ဆောင် အကယ်ဒမီများရှင် တစ်ဦးဖြစ်သည်။



ယနေ့ ညတွင် ကျင်းပမည့် ၂၀၂၃ ခုနှစ် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲတွင် "စာရိတ္တ" ရုပ်ရှင် ဇာတ်ကားဖြင့် အဆိုတော် (သရုပ်ဆောင် ) နေဝင်း အကယ်ဒမီ ဇာတ်ဆောင်ဆု ရနိုင်ကြောင်း ပရိသတ်များက ထင်ကြေးပေးလျက် ရှိသည်။

နေဝင်း သည် "စာရိတ္တ" ရုပ်ရှင်ဇာတ်ကားထဲတွင် ရပ်ကွက် လူမို-က် ၊ သူငယ်ချင်းများအပေါ် အနစ်နာခံပြီး သံယောဇဉ်ကြီးသူ မျိုးကျော် အဖြစ် ပါဝင် သရုပ်ဆောင်ထားပြီး သူ၏ ပီပြင်လှသည့် သရုပ်ဆောင်ကွက်များကြောင့် "စာရိတ္တ" ရုပ်ရှင်ဇာတ်ကားသည် ၂၀၂၃ ခုနှစ်အတွင်း အအောင်မြင်ဆုံး ဇာတ်ကားတစ်ကား ဖြစ်ခဲ့သည်။

စာရိတ္တ ရုပ်ရှင် ဇာတ်ကားကြီးကို The Ray ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူး ထုတ်လုပ်ထာပြီး ဇာတ်လမ်း ဒီဒီထက်အောင်၊ ဇာတ်ညွှန်း သက်ဦးမောင်၊ ဒါရိုက်တာ စိုးမိုးမင်း ၊ Art Director နေသူရိန် နှင့် DOP ထွဋ်တင့်ထွန်း တို့က ဖန်တီးပုံဖော်ထားသည့် အက်ရှင်ဇာတ်ကားကောင်း တစ်ကား ဖြစ်သည်။

အဆိုပါ ဇာတ်ကားထဲတွင် နေဝင်း ၊ ကောင်းမြတ်စံ ၊ ထက်အောင်ရှိုင်း၊ မင်းဘုန်းမြတ် ၊ တေဇလင်းရောင် ၊ မြေမြင့်မိုရ်၊ ဝေလာရီ ၊ ထွန်းပုလဲရတနာ ၊ ဥဩသံသာ ၊ လှနုထွန်း တို့က အဓိက ပါဝင် သရုပ်ဆောင်ထားကြခြင်း ဖြစ်သည်။

ဇာတ်ပို့သရုပ်ဆောင်များ အနေဖြင့် နေဆန်း၊ မင်းသူ၊ ညီဂျော်၊ သတ္တိတို့အပါအဝင် ဇာတ်ပို့သရုပ်ဆောင်များစွာဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင် အားဖြည့်ပေးထားသည်ကို တွေ့ရမည်။

ထို့အပြင် နာမည်ကျော် ရန်ကုန်လူမိုက် ဝင်းထွဋ်ဝင်းနှင့် သူ ၏ တပည့်များလည်း ယင်းဇာတ်ကားထဲတွင် ပါဝင်အားဖြည့် သရုပ်ဆောင်ထားသည်။

အကယ်၍ အားလုံး ထင်ကြေးပေးထားသည့်အတိုင်း နေဝင်းသာ ယခုဇာတ်ကားဖြင့် အကယ်ဒမီ ရရှိခဲ့ပါက ထွန်းထွန်းနှင့် ရွှေထူး၊ စိုင်းစိုင်းခမ်းလှိုင်တို့၏ နောက်တွင် အကယ်ဒမီရရှိလာမည့် (၄) ဦးမြောက် လူငယ်အဆိုတော် ၊ မင်းသားတစ်ဦး ဖြစ်လာလိမ့်မည် ဖြစ်သည်။




ဒါရိုက်တာ အရုဏ်ဦး ပွင့်သိင်္ဂီဇော် ရိုက်ကူးပုံဖော်ထားသည့် "အဓိပ္ပါယ်ရှိသောကြယ်" ဇာတ်ကားဖြင့် သရုပ်ဆောင် မြင့်မြတ်အား သုံးထပ်ကွမ်း အကယ်ဒမီဆုရရှိနိုင်သည်ဟု ပရိသတ်များက ထင်ကြေးပေးနေကြသည်။ 

အဆိုပါ ဇာတ်ကားသည် ချစ်စရာ Romance ကားလေးဖြစ်ပြီး Triple Six ရုပ်ရှင်ထုတ်လုပ်ရေးက ဇာတ်လမ်း၊ ဇာတ်ညွှန်း အင်ကြင်းဟန် ရေးသားကာ ဒါရိုက်တာ အရုဏ်ဦး ပွင့်သိင်္ဂီဇော် က ပုံဖော်ရိုက်ကူးထားခြင်းဖြစ်သည်။

"အဓိပ္ပါယ်ရှိသောကြယ်" ဇာတ်ကားတွင် သရုပ်ဆောင်များ အနေဖြင့် အကယ်ဒမီ မြင့်မြတ်၊ နန်းစုဦး၊
ရွှေပုဏ္ဏမီကျော်၊ ဧည့်သည်သရုပ်ဆောင် ဘုန်းသျှံ ၊ ငှက်ပျော်ကြော်၊ ကေညီ၊ နေလင်း၊ မိုးစက်၊ စိုးကြီး စသည့် သရုပ်ဆောင်များ ပါဝင် သရုပ်ဆောင်ထားကြသည်။

ယခုသရုပ်ဆောင်မြင့်မြတ်အား ပုံမှန်မြင်တွေ့နေကျ ဟာသ၊ ဒရာမာဇာတ်ကားများတွင် မြင်တွေ့နေ ကျပုံစံမဟုတ်ဘဲ အချစ်ခန်းလေးများဖြင့် မြင်တွေ့ရမည်ဖြစ်သည်။

သရုပ်ဆောင်မြင့်မြတ်သည် ၂၀၁၇ ခုနှစ်တွင် "အမှောင်တွေရွာချတဲ့မိုးတိမ်" ဇာတ်ကားဖြင့် ပထမဦးဆုံးအမျိုးသားဇာတ်ပို့ဆု အကယ်ဒမီကိုရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်လည်း "ခရေ" ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင်ဆုကို ရရှိထားသည့် လူငယ် သရုပ်ဆောင်တစ်ဦးဖြစ်သည်။

တက်သစ်စ သရုပ်ဆောင်တစ်ဦးဖြစ်သည့် မင်းသမီး မေမြင့်မိုရ်သည် ၂၀၂၃ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုဖြင့် အကယ်ဒမီရရန် ရေပန်းအစားဆုံးဖြစ်နေသည်။



သူမသည် ၂၀၂၃ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကား အများအပြားတွင် ပါဝင်သရုပ်ဆောင်ခွင့်ရထားပြီး အကယ်ဒမီ ဆန်ကာတင် ဇာတ်ကား (၅) ကားအထိ ပါဝင်သရုပ်ဆောင်ခွင့် ရထားသူလည်း ဖြစ်သည်။

ယင်းကဲ့သို့ ဆန်ကားတင်ဇာတ်ကား အများစုတွင် ပါဝင်နေခြင်းနှင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားခြင်းကြောင့်ပင် ယနေ့ည ကျင်းပမည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ပွဲ၌ ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိနိုင်သည်ဟု ထင်ကြေးအပေးခံရဆုံး စာရင်းထဲတွင် ရှေ့ဆုံးမှ ပါဝင်နေခြင်းလည်း ဖြစ်သည်။

မေမြင့်မိုရ်သည် ၂၀၂၃ ခုနှစ် အကယ်ဒမီဆန်ကာတင် ဇာတ်ကားများထဲမှ လူကြိုက်များ အားပေးမှုများခဲ့သည့် "ရည်ရွယ်မိုး" ၊ "စာရိတ္တ" ၊ " တောင်းဆုတစ်ခု ပြည့်စေသား" ၊ "စတုတ္ထမြောက် သွေးကြောမျှင်" ၊ " မုန်းခွင့်" စသည့် ရုပ်ရှင် ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ထားသူဖြစ်သည်။

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ ဖေဖေါ်ဝါရီ (၃) ရက် ညပိုင်းတွင် နေပြည်တော် MICC(1) တွင် ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ပြီး ရုပ်ရှင်လောကသားများ၊ အနုပညာရှင် အတတ်ပညာရှင်များ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။