ကိုယ်ဝန်ဆောင်ချိန် အသေးစိတ်အဆင့်ဆင့်

ကိုယ်ဝန်ဆောင်ချိန် အသေးစိတ်အဆင့်ဆင့်


ကိုယ်ဝန်ဆောင်တာဟာ (LMP) နောက်ဆုံး ရာသီလာတဲ့ရက်ကနေ စတွက်ရင် ပျမ်းမျှရက်သတ္တပါတ်ပေါင်း (၄၀) ကြာတယ်။ ကိုယ်ဝန်ကို (၃) လစီ (၃) ပိုင်းခွဲခြားလေ့လာတယ်။ First trimester ပထမ ၃ လ၊ Second trimester ဒုတိယ ၃ လနဲ့ Third trimester တတိယ ၃ လလို့ ခေါ်ကြတယ်။

၁။ ပထမ ၃ လ ဆိုတာ သန္ဓေစတည်ချိန်ကနေ နောက် ၁၂ ပါတ်အထိ။
၂။ ဒုတိယ ၃ လ ဆိုတာ ၁၃ ပါတ်ကနေ ၂၇ ပါတ်အထိ။
၃။ တတိယ ၃ လ ဆိုတာ ၂၈ ပါတ်ကနေ မွေးတဲ့အထိ။



၁-၁၂ ပါတ် ကိုယ်ဝန် မိခင်လောင်းမှာ ဘာတွေ ပြောင်းလဲလာသလဲ။
ဟော်မုန်း အပြောင်းအလဲတွေကြောင့် ကိုယ်ခန္ဓာ စနစ်တိုင်းလိုလိုမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်လာစေတယ်။
• လစဉ်ရာသီ မလာတော့ဘူး။
• စိတ်ပိုင်းရော ရုပ်ပိုင်းမှာပါ ပြောင်းလာတယ်။
• မောပန်းလွယ်မယ်။
• ရင်သား နာတယ်။ ပိုကြီးထွားလာမယ်။
• နို့သီးထိပ်ဖျားလဲ သိသိသာသာ ဖြစ်လာမယ်။
• အစာမကျေသလို ဖြစ်လာမယ်။ ပျို့ချင်- အန်ချင် ဖြစ်မယ်။
• Morning sickness ခေါ်ကြတယ်။
• အစားအစာ တစ်မျိုးမျိုးကို တပ်မက်မှု ချဉ်ခြင်းတပ်တာ ဖြစ်နိုင်တယ်။
• စိတ်မူ ပြောင်းလာနိုင်တယ်။
• ဝမ်းချုပ်တတ်တယ်။
• ဆီးခဏခဏသွားချင်မယ်။
• ခေါင်းကိုက်မယ်။
• ရင်ပူမယ်။
• ကိုယ်အလေးချိန် တိုးလာမယ်။ အန်တာ၊ အစာမစားချင်တာများရင် အလေးချိန်ကျနိုင်တယ်။
• စားချိန်၊ အိပ်ချိန်တွေ ပြောင်းလာတတ်တယ်။ အစားကို နည်းနည်းနဲ့ ခဏခဏ စားချင်လာမယ်။ ကိုယ်ဝန်ရင့်လာတာနဲ့ ဒီလိုခံစားနေရတာတွေ ကောင်းလာမယ်။ တချို့မှာတော့ တောက်လျှောက် နေမကောင်း ဖြစ်နေတတ်တယ်။


ရက်သတ္တ(၄)ပါတ် သန္ဓေသား
• ကလေးဦးနှောက်နဲ့ ခါးရိုးမကြီးထဲက အာရုံကြောကြီး စတင်ဖြစ်ပေါ်လာပြီ။
• နှလုံးလည်း စတင်ဖြစ်လာပြီ။
• ခြေ-လက်ဖြစ်လာမဲ့ အရာလည်း ပေါ်လာပြီ။
• သန္ဓေသားဟာ တစ်လက်မရဲ့ ၂၅ ပုံ ၁ ပုံ အရှည်ရှိလာပြီ။

ရက်သတ္တ(၈) ပါတ် သန္ဓေသား
• အဓိကအင်္ဂါအစိတ်အပိုင်းတွေ ဖြစ်ပေါ်လာပြီ။ ကိုယ်ရယ်-ခေါင်းရယ် ရှိလာပြီ။
• နှလုံးခုန်တာ စည်းချက်ကျကျ ကြားရပြီ။
• ခြေတွေ-လက်တွေ ရှည်လာပြီ။ လက်ချောင်းလေးတွေ ပီပြင်လာပြီ။
• ယောကျ်ားလေး-မိန်းကလေး ခွဲခြားဖြစ်လာပြီ။
• မျက်လုံးက မျက်နှာရှေ့ထွက်ပြူလာပြီး၊ မျက်ရစ်ပေါ်လာပြီ။
• ချက်ကျိုးကိုကောင်းကောင်းမြင်လာရပြီ။
• ရက်သတ္တ (၈) ပါတ်အကုန်မှာ သန္ဓေသားက ကလေးငယ်လေး၊ လူသားလေးလို ပီပြင်လာပြီ။တစ်လက်မအထိ ရှည်လာပြီ။ အလေးချိန် တအောင်စရဲ့ ၈ပုံ ၁ ပုံ ရှိလာပြီ။ (၁အောင်စ= ၂၈. ၃ ဂရမ်)

ရက်သတ္တ(၁၂) ပါတ် သန္ဓေသား
• အာရုံကြောတွေနဲ့ ကြွက်သားတွေ တွဲလုပ်နိုင်လာပြီ။
• လက်သီးဆုပ်တတ်လာပြီ။
• အပြင်ပန်းအရ ယောကျ်ားလိင်အင်္ဂါ၊ မိန်းမလိင်အင်္ဂါတွေ မြင်လာနိုင်ပြီ။ ပထမ ၃ လနောက်မှာ (အာလ်ထွာဆောင်း) ရိုက်ရင် မွေးမဲ့ကလေးရဲ့ လိင်အင်္ဂါကို သိနိုင်ပြီ။
• မျက်ခွံတွေ ကြီးထွားလာနေတဲ့ မျက်လုံးကို ကာကွယ်တဲ့အနေနဲ့ ပိတ်ထားမယ်။ ၂၈ ပါတ်ထိ မဖွင့်ဘူး။
• ဦးခေါင်း ဖွံ့ထွားနေတာ နှေးလိုက်ပြီ။ ကိုယ်ပိုင်းက ပိုကြီးထွားလာမယ်။ ၃ လက်မအထိ ရှည်လာပြီ။ တစ်အောင်စအထိ လေးလံလာပြီ။

ရက်သတ္တ(၁၃-၂၈) ပါတ် သန္ဓေသားကိုယ်ဝန် ဒုတိယ (၃) လ
• များသောအားဖြင့် ကိုယ်ဝန်ဒုတိယပါတ်ဟာ ပထမပါတ်ထက် နေရထိုင်ရ သက်သာကောင်းမွန်ကြတယ်။ ပျို့ချင်၊ အန်ချင်တာတွေ အားကုန်တာတွေ ပျောက်သွားပြီ။ အသစ်အပြောင်းအလဲတွေတော့ ရှိလာမယ်။ ဗိုက်ဖောင်းလာတာက ပိုသိသာလာမယ်။ အထဲက ကလေးလှုပ်တာ သိလာမယ်။ ကလေးက ခြေနဲ့ကန်တာလဲ သတိထားမိမယ်။

ရက်သတ္တ(၁၆) ပါတ် သန္ဓေသား
• ညောင်းတာ၊ ကိုက်တာ၊ ခါးနာတာ ဖြစ်လာမယ်။ ပေါင်- ခြေသလုံးတွေ နာနိုင်တယ်။
• ဗိုက်၊ ပေါင်၊ ရင်သား၊ တင်ပါးတွေမှာ အကြောပြတ်တဲ့ အရာတွေ ထင်လာမယ်။
• ရင်သားထိပ်က အရောင်ပိုမဲလာမယ်။
• ချက်ကနေ အောက်တည့်တည့်တန်းနေတဲ့ ခပ်မဲမဲ မျဉ်းကြောင်းထင်လာမယ်။
• ပါး၊ နှာခေါင်း၊ အပေါ်နှုတ်ခမ်း၊ နဖူး စတဲ့နေရာမှာ အရောင်ရင့်တဲ့ အစက်အပျောက်တွေ ပေါ်လာနိုင်တယ်။
• မျက်နှာ ဘယ်ဘက်နဲ့ ညာဘက် ခပ်ဆင်ဆင်တူတူဖြစ်လို့ ကိုယ်ဝန်ဆောင်မျက်နှာဖုံးလို့ ခေါ်ကြတယ်။
• လက်တွေမှာ ထုံကျင်ကျင် ဖြစ်လာတာကို Carpal tunnel syndrome (ကာပယ်လ်-တာနယ်လ်-ဆင်ဒရုမ်း) ခေါ်တယ်။
• ဗိုက်၊ လက်ဖဝါး၊ ခြေဖဝါးတွေ ယားနိုင်တယ်။ တကယ်လို့ ပျို့-အန်တာ၊ အသား-ဆီးဝါတာ၊ အစားပျက်တာ၊ အားကုန်တာတွေနဲ့ ယားတာ တွဲဖြစ်ရင်တော့ ဆရာဝန်ပြပါ။ အသည်းကို စစ်ဆေးဖို့ လိုမယ်။
• ခြေသလုံး၊ လက်၊ မျက်နှာတွေ ရောင်နိုင်တယ်။ တကယ်လို့ ရောင်တာက များတယ်။ ဆီးအနည်ပါနေမယ်။ ကိုယ်အလေးချိန်တိုးတာ များနေမယ်ဆိုရင် ဆရာဝန်ပြပါ။

ရက်သတ္တ(၁၆) ပါတ် သန္ဓေသား
• ကြွက်သားတွေ၊ အရိုးတွေ ပိုဖြစ်ပေါ်လာကြပြီ။ အရိုးစနစ်က ပိုပြည့်စုံလာပြီ။
• အရေပြားလည်း ဖြစ်လာပြီး ပါးလွန်းလို့ ဒိုးယိုပေါက်မြင်ရသလောက်ဘဲ။
• Meconium ငယ်ချီးဆိုတာ ဖြစ်လာပြီ။ အူတွေက စလှုပ်ရှားလာနေပြီ။
• ပါးစပ်က စုပ်တဲ့ တုံ့ပြန်မှု စလုပ်နိုင်လာပြီ။
• အရှည် ၄-၅ လက်မနဲ့ အလေးချိန် ၃ အောင်စ ရှိလာပြီ။

ရက်သတ္တ (၂၀) ပတ် သန္ဓေသား
• ပိုလှုပ်ရှားတတ်လာပြီ။
• Lanugo ခေါ်တဲ့ ကိုယ်မွှေးနုလေးတွေက တစ်ကိုယ်လုံးဖုံးနေပြီ။ Vernix ခေါ်တဲ့ ဖယောင်းလို အရာလည်း ရှိလာပြီ။
• မျက်ခုံးမွှေး၊ မျက်တောင်မွှေး၊ လက်သည်း-ခြေသည်းတွေ ဖြစ်လာပြီ။
• အကြားအာရုံ ရှိလာပြီ။ မျိုချတတ်လာပြီ။
• ၆ လက်မရှည်ပြီး ၉ အောင်စ လေးလာပြီ။
ရက်သတ္တ (၂၄) ပါတ် သန္ဓေသား
• Bone marrow ရိုးတွင်းခြင်ဆီ ဖြစ်လာလို့ သွေးဥတွေ ထုတ်လုပ်လာပြီ။
• Taste buds လျှာမှာ အရသာခံနိုင်တဲ့ အဖုလေးတွေ ဖြစ်လာပြီ။
• လက်ဗွေ၊ ခြေဗွေတွေ ဖြစ်လာပြီ။
• ခေါင်းမှာ တကယ့်ဆံပင် ဖြစ်လာပြီ။
• အဆုတ်တွေ ဖြစ်လာပြီ။ အလုပ်တော့ မလုပ်သေးဘူး။
• Startle reflex ခေါ်တဲ့ ရုတ်တရက်တစ်ခုခုကနေ ထိခိုက်စေသလိုမျိုး သက်ရောက်မှု ရှိတာကို အလိုလို တုံ့ပြန်နိုင်စွမ်းဆိုတာ ရှိလာပြီ။ ဥပမာ- မျက်စိကို ကာကွယ်ဖို့ မျက်တောင်ပိတ်ပစ်တာမျိုး။ လက်တွေကလည်း အဲလိုသဘောလုပ်တတ်လာပြီ။ ဦးနှောက် အောက်ခြေကနေ လုပ်ပေးတာဖြစ်တယ်။
• အိပ်တတ်၊ နိုးတတ်လာပြီ။
• ယောကျာ်လေးဆိုရင် ဗိုက်ထဲမှာ စဖြစ်ခဲ့တဲ့ ကျားအစိဟာ ကပ်ပဲ့အိတ်ထဲ ဆင်းလာပြီ။
• မိန်းကလေးဆိုရင် သားအိမ်၊ မျိုးဥအိမ်တွေ နေသားတကျ ဖြစ်လာပြီ။
• အရပ်က ၁၂ လက်မရှည်ပြီ။ အဆီကို စုဆောင်းတတ်လာလို့ ကိုယ်အလေးချိန်တက်လာမယ်။ ၁ ပေါင်ခွဲ လေးလာပြီ။

တတိယ(၃)လပိုင်း ရက်သတ္တ(၂၉-၄၀) ပါတ်
• အသက်ရှူရတာ နည်းနည်းခက်လာမယ်။ ကိုယ်လက်သန့်ရှင်းဖို့ ခဏခဏ သွားရမယ်။ ကြီးထွားလာတဲ့ကလေးက ဆီးအိမ်နဲ့ အစာဟောင်းအိမ်တွေကို ဖိလာလို့ ဖြစ်ရတယ်။
• စိတ်ပိုင်းခံစားရတာ ပြောင်းလာမယ်။ ကလေးအတွက် စိုးရိမ်တာရော ဝမ်းမြောက်တာပါ စိတ်ထဲမှာ လွှမ်းမိုးလာမယ်။
• ရင်ပူမယ်။
• ခြေ-လက်-မျက်နှာ ပိုရောင်လာတတ်တယ်။
• လိပ်ခေါင်းရှိလာမယ်။
• ရင်သားက တင်း-နာမယ်။ ညှစ်ကြည့်ရင် Pre-milk နို့ဦးရည်ကြည်ခေါ်တဲ့ Colostrums ထွက်မယ်။
• ချက်ကစူလာမယ်။
• အိပ်ရတာ ခက်လာမယ်။
• သားအိမ်ဝက ပြောင်းလာမယ်။ ပိုပါးပြီး ပျော့လာမယ်။ Effacing ခေါ်တယ်။

ကိုယ်ဝန် ၃၂ ပါတ်
• ကလေးအရိုးတွေအားလုံး ဖြစ်မြောက်လာပြီ။ ပျော့နေသေးတယ်။
• ခြေကန်တာ သန်လာပြီ။
• အလင်းရောင်ရရင် မျက်စိမှိတ် တတ်-ဖွင့်တတ်ပြီ။
• အရေးပါတဲ့ (ကယ်လ်စီယမ်) နဲ့ သံဓာတ်တွေကို လှောင်ထားနိုင်လာပြီ။
• အရင်ကရှိနေခဲ့တဲ့ Lanugo အရေပြားနုလေးတွေနေရာ တကယ့်အရေပြား အစားထိုးလာပြီ။
• အလေးချိန်က တိုးသထက်တိုးလာတယ်။ ၇ ရက်တပတ်မှာ ၈ အောင်စနှုန်း တိုးလာမယ်။ အခုဆိုရင် ၁၅- ၁၇ လက်မအရပ်ရှိပြီ။ ၄ ပေါင်၊၄ ပေါင်ခွဲ လေးလာပြီ။

ကိုယ်ဝန် ၃၆ ပါတ်
• အပေါ်ဖုံး Vernix ဖယောင်းလွှာ ပိုထူလာမယ်။
• အဆီပိုများမယ်။ သားအိမ်ထဲမှာ သူကပိုကြီးလာလို့ အရင်ကလောက် လှုပ်ရှားမရဖြစ်လာတယ်။ ၁၆-၁၉ လက်မနဲ့ ၆-၆.၅ ပေါင်ရှိလာပြီ။

၃၇-၄၀ ပါတ်
• ၃၇ ပါတ်ပြည့်ရင် လစေ့ပြီလို့ ပြောနိုင်တယ်။
• အများဆုံးကိုယ်ဝန်တွေမှာ ကလေးခေါင်းက အောက်ဖက်မှာ သတ်သတ်မှတ်မှတ်ရှိလာပြီ။