မေမေတို့ရဲ့ရင်သွေးလေးဖွံ့ဖြိုးလာမှုအဆင့်ဆင့်

မေမေတို့ရဲ့ရင်သွေးလေးဖွံ့ဖြိုးလာမှုအဆင့်ဆင့်

 


၉လလွယ် ၁၀လဖွား ကိုယ်ဝန်ဆောင်ကာလဟာ အမျိုးသမီးတွေအတွက် အချိုးအကွေ့တစ်ခုပါ။ ကိုယ်ဝန်စရှိချိန်က စပြီး မွေးတဲ့အချိန်အထိ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု များစွာကို ကြုံတွေ့ရပါမယ်။ မေမေတို့ လအလိုက် ဘာတွေ ကြုံတွေ့ရနိုင်သလဲ။ ဘာတွေကို ကြိုမျှော်လင့်ထားရမလဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဘာပြဿနာတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ လဲဆိုတာ ပြောပြပေးပါမယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံရနိုင်တဲ့ ပြောင်းလဲမှုများ
၉လလွယ် ကာလမှာ ၃လတစ်ဖြတ် Trimesterခွဲထားလေ့ ရှိပါတယ်။ အပတ်နဲ့ဆို ၁၃ပတ်စီပါ။ ဒီကာလအပိုင်းအခြားတွေမှာ မေမေတို့ ကြုံတွေ့ရနိုင်တဲ့ ပြောင်းလဲမှုတွေကတော့



ပထမ ၃လမှာ ကြုံရတဲ့ ပြောင်းလဲမှုများ
ပထမ ၃လကတော့ ကိုယ်ဝန်နုချိန်ပါ။ ရာသီပျောက်တာကို စပြီး သတိထားမိမယ်။ ဆီးစစ်ကြည့်ရင် ကိုယ်ဝန်ရှိနေတာ သတိထားမိမယ်။ ဗိုက်ထဲမှာ သန္ဓေသားလေးက သားအိမ်နံရံကို တွယ်ကပ်နေမယ်ပေါ့။ ဒီကနေစလို့ မေမေတို့ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ စဖြစ်လာပါပြီ။ အဓိကကတော့ ဟော်မုန်းအပြောင်းအလဲကြောင့်ပါပဲ။
-အရင်ကထက်စာရင် နုံးနေမယ်။
-ရင်သားတွေ တင်းပြီး နာနေမယ်။
-ပျို့အန်ချင်လာမယ်။
-ချင်ခြင်းတွေ တက်လာမယ်။
-စိတ်အတက်အကျတွေ ဖြစ်လာမယ်။
-ဝမ်းချုပ်မယ်။
-ဆီးခဏခဏ သွားချင်မယ်။
-ခေါင်းကိုက်မယ်။
-ရင်ပူမယ်။
-ဝလာမယ် ဒါမှမဟုတ် ပျို့အန်ပြီး အစားမဝင်တာကြောင့် ပိန်သွားမယ်။


ဒီတော့ မေမေတို့အနေနဲ့ စားသောက်နေထိုင်ပုံတွေ ပြောင်းလဲဖို့ လိုလာပါပြီ။ နုံးတာသက်သာအောင် စောစောအိပ်ကြမယ်။ ပျို့အန်တာ သက်သာအောင် နည်းနည်းနဲ့ ခဏခဏစားကြမယ်။ ဒီလို ဗိုက်ကြီးနာစွဲတာက အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ တချို့ကလည်း သာမန်အတိုင်းပဲ ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားပေမယ့် တချို့ကျတော့လည်း ပြင်းပြင်းထန်ထန် ခံစားရပါတယ်။ ဒီလတွေမှာ ကိုယ်ဝန်စအပ်ဖို့လည်း မမေ့ပါနဲ့ မေမေတို့။


ဒုတိယ ၃လမှာ ကြုံရမယ့် အပြောင်းအလဲတွေ
ဒုတိယ ၃လထဲ ဝင်လာရင်တော့ ပထမလလောက်တော့ ပျို့အန်တာတွေ၊ နုံးတာတွေ မဆိုးတော့ပါဘူး။ ဒါပေမယ့် ကလေးလေးက ပိုကြီးလာတော့ ဗိုက်ထဲက သူ့ကို ပိုပြီး ခံစားမိလာပါတယ်။ ကလေးလှုပ်တာကို စပြီး သိလာပါပြီ။ သားဦးမေမေတွေကတော့ နည်းနည်းလေး နောက်ကျမှ သိရနိုင်ပါတယ်။ ဒါ့ပြင်



-ကိုယ်ဝန်ရင့်လာတာနဲ့ အမျှ ခါး၊ ဗိုက်နဲ့ ပေါင်တွေမှာ ကိုက်ခဲတာတွေ ဖြစ်လာနိုင်ပါတယ်။

-ဗိုက်၊ ရင်သား၊ ပေါင်နဲ့ တင်ပါးတွေမှာ အကြောပြတ်ရာတွေ ပေါ်လာပါတယ်။

နို့သီးခေါင်း ဘေးပတ်လည်မှာ ပိုပြီး ညိုလာပါမယ်။

-ချက်ကနေ ဆီးခုံထိ အညိုရောင်လိုင်းလေး ပေါ်လာပါမယ်။ (linea nigra လို့ ခေါ်ပါတယ်။)

-မျက်နှာမှာ တင်းတိပ်လေးတွေ ပိုထွက်လာပါတယ်။

-လက်ဖျားလေးတွေ ထုံတာ၊ ကျဉ်တာ ဖြစ်လာနိုင်ပါတယ်။

-ဗိုက်ကြောတွေ ယားလာတတ်ပါတယ်။


-ခြေလက်တွေ ဖောလာနိုင်ပါတယ်။ (အချိန်တိုလေးအတွင်းမှာ ဖောလာတယ်။ မျက်နှာတွေပါ ဖောလာတယ်ဆိုရင် ဆရာဝန်နဲ့ ပြန်ပြပါ။ ကိုယ်ဝန်ဆိပ်တက်နေတာလားဆိုတာ စစ်ဆေးရမှာပါ)

တတိယ ၃လ

နောက်ဆုံး မွေးခါနီး အချိန်ကို ရောက်လာခဲ့ပါပြီ။ ဒုတိယ ၃လပတ်က ခံစားရတာတွေကို ဆက်ပြီး ခံစားနေရဦးမှာပါ။ ကလေးက ပိုကြီးလာတဲ့အတွက် ဗိုက်ထဲမှာ ဖိနေပြီး ဆီးခဏခဏ သွားချင်တာ၊ အသက်ရှူရခက်တာတွေ ခံစားရနိုင်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ ကလေးမွေးပြီးသွားရင် သက်သာသွားမှာပါ။ တခြားပြောင်းလဲမှုတွေ အနေနဲ့


-ခြေလက်တွေ ဖောလာနိုင်ပါတယ်။ (ကိုယ်ဝန်ဆိပ်တက်တာလည်း ဖြစ်နိုင်လို့ အထူးဂရုစိုက်ဖို့ လိုပါတယ်)

-လိပ်ခေါင်းထွက်တာ

-ရင်သားတွေ တင်းပြီး နို့ဦးရည်တွေ စိမ့်ထွက်လာတာ

-ချက်စူလာတာ


-ကလေးက မွေးလမ်းကြောင်းထဲကို ဆင်းလာလို့ ဆီးခုံတွေ တင်းပြီး ရင်ခေါင်းထဲမှာ ချောင်သွားတာ

–အမွေးသင်တာ

-အိပ်ရခက်တာ၊ ရင်ပူတာ၊ မောတာ စတာတွေ ခံစားရနိုင်ပါတယ်။


ဒါလောက်ဆို မေမေဆို့ သိကြပြီပေါ့။


ကျေးဇူးတင်ပါတယ်။